တာဝန်ရှိသူ အဆင့်ဆင့်ကလည်း လုပ်သက်ရင့်သူများ၊ ပင်စင်နားနီးနေသူများကို ရာထူးတိုးပေးခြင်း၊ တဆင့်မြင့်လစာပေး၍ ပင်စင်ခံစားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်းများ ရှိနေပါသည်။ မိဘများသဖွယ်စောင့်ရှောက်မှုများဖြစ်၍ သာဓုခေါ်မိပါသည်။ သို့ရာတွင် အဆိုပါ အခွင့်ထူးခံစားခွင့်ရှိသူ အများစုသည် “တော်” သူများ ဖြစ်နေကြပါသည်။ ဆွေမျိုး “တော်” သူများ၊ မကင်းရာမကင်းကြောင်း “တော်” သူများ၊ အဖား “တော်” သူများ၊ ကျေးဇူးခံ ကျေးဇူးစား “တော်” သူများ၊ ဖိနပ်ကိုင် အိတ်ဆွဲ “တော်” သူများ ဖြစ်နေပါသည်။ အချို့ရာထူးတိုးများသည် သက်ပြည့်၍ Deferred Leave(၄)လ ခံစားနေချိန်တွင်ပင် ရာထူးတိုးအမိန့်ထွက်ပေးခြင်းများ ရှိနေပါသည်။ အချို့က September လပိုင်းတွင် ရာထူးတိုးခဲ့ပြီး January လပိုင်း ရာထူးတိုးကိုင်ချိန်တွင် (၄)လအတွင်း ထပ်မံရာထူး နှစ်ခါဆင့် တိုးကြပြန်သည်။ အချို့မှာ လက်ရှိရာထူး လုပ်သက် (၁)နှစ် မပြည့်ခင် နောက်တဆင့်ရာထူးတိုးစာရင်းတွင် ကျောထောက်နောက်ခံပြု ရာထူးတိုးအမိန့်ဖြင့် ရရာနေရာကို ထိုင်ရာမထ လှမ်းယူပေးခြင်းကို ခံစားခဲ့ကြပါသည်။
လပိုင်းအတွင်း ဦးစီးဌာနက လစ်လပ်သွားသော ရာထူးနေရာတွင် ထိုးထဲ့၍ အမိန့်စာ ထပ်ထွက်ပေးလိုက်သည်။ ငါရှင်ဘုရင် ဘယ်နှစ်ပတ်ပတ် ဆိုသလို ထင်တိုင်းကြဲခဲ့ကြပါသည်။ ရာထူးတိုးကိစ္စများကို “မင်းဘဏ္ဍာ ကိုယ့်ဟာမှတ်” သကဲ့သို့ လက်သိပ်ထိုး၍ ပြောင်ကျကျ အမွေခွဲပေးခဲ့နေပါသည်။ Gender Equality ဆိုသော်လည်း သောက်ဖော်စားဖက်အချင်းချင်းများသာ ကောင်းစားနေသည်ဟု လူရည်ချွန်တစ်ဆက်တည်း (၅)ထပ်ကွမ်းရပြီး အရာရှိလုပ်နေသူတစ်ဦးက ခံစားချက်ပြင်းစွာ ပြောဖူးပါ သည်။ လက်ရှိရာထူးတွင် (၅)နှစ်ကျော် (၆)နှစ်၊ (၇)နှစ်နီးပါး ရှိ၍ ဝန်ထမ်းအင်အား အပြည့်မရှိဘဲ ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြသူများ ရာထူးတိုးမရကြပါ။ ရာထူးတိုး ဖောင် (Form)များ မကြာခဏ ဖြည့်ခိုင်းခြင်းခံနေကြရပါသည်။
ဦးစီးဌာနများတွင် လစ်လပ်ရာထူးနေရာများ ပေါ်နေသော်လည်း မစဉ်းစားပေးကြပါ။ ပညာရေးဝန်ကြီး အဆက်ဆက်တွင် ညွှန်ကြားရေးမှူး (၂)ဦးထားပြီး အောက်ခြေတွင် ဒုညွှန်မှူး၊ လ/ထညွှန်မှူး၊ ဦးစီးအရာရှိ နှင့် အမှုထမ်းအင်အား ပြည့်ပြည့်စုံစုံဖြင့် ဆောင်ရွက်ခဲ့ရသည့် ဦးစီးဌာန ဌာနခွဲသည် နေပြည်တော်တွင် ညွှန်ကြားရေးမှူးတစ်ဦးထည်းဖြင့် အောက်ခြေအမှုထမ်း အရာထမ်းမပြည့်စုံသော်လည်း တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပါသည်။ ဌာနခွဲအချို့တွင် ပင်စင်ယူခြင်း၊ NGO သို့ ပြောင်းရွှေ့ခြင်းကြောင့် ခွဲတစ်ခုလုံး၏ အင်အားပျောက်သွားသော်လည်း ကျန်ဌာနခွဲက အဆိုပါလုပ်ငန်းများကို ပူးတွဲကိုင်၍ ဟာကွက်ပျော့ကွက်မရှိအောင် ပူးတွဲဆောင်ရွက်ပေးခဲ့မှုကိုလည်း မထောက်ထားကြပါ။ အသိအမှတ်မပြုကြပါ။ မျက်ကွယ်ပြုထားပါသည်။
မချီးမြှောက်ကြပါ။ “တော်” သူများသာ အဆင့်ဆင့် ရာထူးများ စဉ်ဆက်မပြတ် တက်နေကြပါသည်။ ဦးစီးဌာနများရှိ လစ်လပ်ရာထူးနေရာများတွင် အစားထိုးခန့်ထားပေးခြင်းကို မဆောင်ရွက်ပေးခဲ့ကြပါ။
ပညာရေးဝန်ထမ်းများအဖို့ အထူးခံစားခွင့်များပေးခဲ့သည်ဆိုသော်လည်း “ပေါက္ခဝဿမိုး” ရွာချခဲ့ခြင်းသာ ဖြစ်ပါသည်။ ကွက်ကျားမိုးဖြင့် စိုစေချင်သူကိုသာ စိုစေခဲ့ပါသည်။ ရာထူးတိုးကိစ္စနှင့် ပတ်သက်၍ ကြားရသည်မှာ အခွင့်ထူးများ ခံစားခွင့်စပေးချိန်တွင် ဖြစ်သင့်တာကော၊ မဖြစ်သင့်တာကော ပါနေကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ငယ်မွေးခြံပေါက် လူယုံတော် ကတဆင့် ဝန်ကြီးထံ သတင်းပို့မှ ဝန်ကြီးက onground အခြေအနေကို သိသွားခဲ့သည်ဟု ဆိုသည်။ အသစ်တပ်၍ တင်လာသော ရာထူးတိုးကိစ္စများကို ဝန်ကြီးက အလျင်စလို မကိုင်တော့ပါ။ Turn Down များဖြစ်လာသည်။
ဆင်တစ်ကောင်လုံး ဝင်သွားနိုင်အောင် ချောင်ချိနေသော ညောင်ကြပ်ပင်သည် ကြောင်ဝင်ချိန်မှာတော့ ကြပ်နေပါသည်။ ဝင်မရတော့ပါ။ အနစ်နာခံခဲ့ရသူများသည် နေရာလွတ်များရှိနေပါလျက် အချိန်မီပါလျက် ရာထူးတိုးမရကြပါ။ ဒီလိုနဲ့ နေဝင်ချိန်ရောက်ကုန်ကြပြီဖြစ်ပါသည်။ နိုင်ငံတော်အကြီးအကဲများ၏
စေတနာအပေါ် ပြည်ထောင်စုဝန်ကြီး၏ ပုံဖော်ပေးမှုသည် ပေးကားပေး၏ မရ၊ ကျွေးကားကျွေး၏ မဝ ဖြစ်ခဲ့ရပါသည်။ ရင်ဝယ်သားကဲ့သို့ ကျောသားရင်သား မခွဲဘဲ စောင့်ရှောက်သင့်ပါသည်။ ညှာတာသင့်ပါသည်။ သဒ္ဓါတရား ရှိသင့်ပါသည်။ ကိုယ်ချင်းစာသင့်ပါသည်။ ကျောင်းသားလူငယ်များအား အသိပညာပေး၍ ခံယူချက်မှန်အောင် ဆောင်ရွက်နေချိန်တွင် ပညာရေးတွင် တာဝန်ရှိသူ ပြည်ထောင် စုဝန်ကြီး ကိုယ်တိုင်က မှန်မှန်ကန်ကန် နှင့် စိတ်ထားမြင့်မြင့်မားမားထား၍ နတ်လူသာ ဓုခေါ်စရာဖြစ်အောင် ဆောင်ရွက်သင့်ကြောင်း တင်ပြပါတယ်။
www.mmdailystar.com